October 17, 2019

သင်တန်း

ခြုံငုံ ရှူမြင်ခြင်း

မယ်တော်ဆေးခန်းသည် ထိုင်း – မြန်မာနယ်စပ်ဒေသနှင့် မြန်မာပြည်အရှေ့ပိုင်းရှိ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့ အစည်းများအတွက် ကျန်းမာရေးလုပ်သားများကို လေ့ကျင့်သင်ကြား ပေးနေသော သင်တန်းဌာနလည်း ဖြစ်ပါသည်။ ကျန်းမာရေး လုပ်သားများကို ကျွမ်းကျင် သင်တန်းဆရာ / ဆရာမများနှင့် မြန်မာ ဆရာဝန်များ၊ ၀ါရင့် ဆေးမှုများ၊ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ ပါ၀င်သော နည်းပညာပိုင်းဆိုင်ရာ အတိုင်ပင်ခံများမှ ကျန်းမာရေးလုပ်သားများကို အကောင်းဆုံး လေ့ကျင့်သင်ကြားပေးနိုင်ခဲပါသည်။ လူနာပမာဏ များပြားခြင်းကြောင့်လည်း ဆေးပညာရပ်များကို လက်တွေ့သင်ကြား လေ့ကျင့်ပေးနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ တစ်နံ တစ်လျှားမှ သင်တန်းသား / သင်တန်းသူများသည် မယ်တော်ဆေးခန်းတွင် လာရောက် လေ့ကျင့် သင်ကြားကြပါသည်။

 

 

ပြည်သူ့ကျန်းမာရေး အောင်လက်မှတ်ပေးသည့် သင်တန်းများမှ သင်တန်းအပတ်စဉ် (၉) (သင်တန်းသူ/သားများက styptic ကုသမှု စာမေးပွဲ ဖြေဆိုနေကြစဉ်)

သင်တန်းဖြစ်ပေါ်လာပုံ

ကျန်းမာရေးလုပ်သားများ၊ ဆရာဝန်များနှင့် ဆေး ကျောင်းသား/သူများက ထိုင်း – မြန်မာနယ်စပ်ကို ၁၉၈၉ ခုနှစ်တွင် ရောက်ရှိလာကြပါသည်။ မည်သည့် ရောဂါ / ဘာသာရပ်ကို အထူးကျွမ်းကျင်မှု ရှိစေကာမူ သူတို့အားလုံးသည် ထိုစဉ်က အဖြစ်များပြီး အရေးပေါ် ကုသပေးရန်လိုသည့် ငှက်ဖျားရောဂါကို ၀ိုင်းဝန်း ကုသပေးကြပါသည်။ နယ်စပ်မှ ဆက်တိုက် အသစ်ရောက်ရှိလာသော လူနာများကို ပြုစုကုသပေးရာတွင် ဆေးဘက်ဆိုင်ရာအဆောက်အဦး နေရာများလုံထောက်မှု မရှိခဲ့ပါ။ နောက်ဆုံးတွင် ဒုက္ခသည်စခန်းတစ်ခုချင်းစီ၌ ကျန်းမာရေးဌာနများ တည်ဆောက်ခဲ့ကြသော်လည်း ဆရာဝန်၊ ဆေးမှူးအနည်းငယ်သာရှိပြီး လုံလောက်မှု မရှိခဲ့ပေ။ တစ်နှစ်အကြာတွင် ဒုက္ခသည်စခန်းအသီးသီးရှိ ကျန်းမာရေး ဝန်ထမ်းများပူးပေါင်းပြီး ဆေးသင်တန်းဖွင့်ရန် တိုင်ပင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး သမရိုးကျ ဆေးဘက်ဆိုင်ရာ သင်တန်းများကို စတင် ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့သည်။
ဤအခြေအနေတွင် မယ်တော်ဆေးခန်းသည် လူနာများအား လွှဲပြောင်းပို့ဆောင်ပေးသော ဝန်ဆောင်မှုကိုသာ အဓိက လုပ်ဆောင်ခဲ့သည်။ ဆေးခန်းသို့ အလည်အပတ်လာရောက်သော ဆရာဝန်များနှင့် ဒေါက်တာစင်သီယာတို့မှ ညနေပိုင်းများတွင် သမရိုးကျ မဟုတ်သော ဆေးဘက်ဆိုင်ရာ အလွတ်သဘော ဆွေးနွေးခြင်းကို သင်တန်းအနေဖြင့် တစ်နှစ်ကျော်သည်အထိ ပို့ချပေးခဲ့သည်။ နယ်စပ်ဒေသတွင် နှစ်အနည်းငယ်ကြာသောအခါ ရုတ်တရက် ဖြစ်ပွားသော ရောဂါများအတွက် ကုသမှုလုပ်ငန်းများကို အခြေတကျ လုပ်ကိုင်ပေးနိုင်ခဲ့သော်လည်း ဆေးခန်းတွင်သာမက နယ်စပ်ဒေသတစ်လျှောက်လုံးအတါက် မိခင်နှင့် ကလေးကျန်းမာရေး ဝန်ဆောင်မှုများပါ လိုအပ်လျက်ရှိနေသည်ကို သတိပြုမိ ခဲ့ကြသည်။

ဒေါက်တာစင်သီယာမောင်မှ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ပို့ချနေစဉ်

ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် စခမ်းများအတွက် ဆိုးဆိုးဝါးဝါး လိုအပ်လျှက်ရှိနေသည်ကို ဖြည့်ဆည်းပေးနိုင်ရန် (၆) ပတ်ကြာ သမရိုးကျ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို ဒေါက်တာစင်သီယာမောင်မှ ၁၉၉၁ ခုနှစ်တွင် စတင် ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ သင်တန်းတွင် ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး၊ အထူးသဖြင့် ဘေးအန္တရာယ်ကင်းသော မိခင်များဘဝနှင့် မိသားစုစီမံကိန်များကို ဦးတည်ပို့ချပေးပါသည်။ ဤပထမသင်တန်း အောင်မြင်ပြီးဆုံးပြီးနောက် အချို့သော နယ်စပ်ဒေသရှိ ကျေးရွာအသီးသီးမှလာသော သင်တန်းသား/သူများသည် ပိုမိုပြီးပြည့်စုံသော မိခင်နှင့်ကလေးကျန်းမာရေး သင်တန်းတက်ရောက်ရန် မယ်တော်ဆေးခန်းသို့ ပြန်လာခဲ့ကြသည်။ ယင်းသင်တန်းကို ၁၉၉၂ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်တို့တွင် စာတွေ့ ၃ လနှင့် လက်တွေ့ ၃ လကြာ သင်ကြားပို့ချပေးခဲ့သည်။ သင်တန်းတက်ရောက်ကြသူ အများစုမှာ ယခင် ကဆေးသင်တန်းများ တက်ရောက်ဖူးခဲ့ကြပြီး ဤသင်တန်းမှာ အရည်အသွေးမြှင့်တင်သည့် အထူးမွန်းမံသင်တန်းတစ်ခုဖြစ်ခဲ့သည်။ ၁၉၉၄ တွင် အခြေခံကျန်းမာရေးလုပ်သားများ ပိုမိုလိုအပ်လာခြင်းကြောင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ၄ လစာတွေ့သင်တန်းနှင့် ၄ လလက်တွေ့သင်တန်းကို ဆေးသင်တန်း မတက်ဖူးသူများအတွက် ဖွင့်လှစ်ပေးခဲ့သည်။ အခြေခံ ကျန်းမာရေးသင်တန်း ဖြစ်သောကြောင့် ယခင်က ဆေးသင်းတန်း မသင်ကြားခဲ့ဖူးသူများပါ တက်ရောက်သင်ကြားနိုင်ခဲ့သည်။ ဤသို့ သင်ကြားချိန် ပိုမိုများပြားလာခဲ့သော်လည်း သင်တန်းသားများအတွက် အရည်အသွေးပြည့်စုံသော သင်တန်းမဖြစ်သေးသောကြောင့် ၁၉၉၅/၁၉၉၆ ခုနှစ်တွင် ၁၀ လကြာ ပထမဦးဆုံး ပဏာမကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ပို့ချပေးခဲ့ပါသည်။ ဤသင်တန်းကို နယ်စပ်ဒေသတစ်လျှောက်ရှိ အခြားတိုင်းရင်းသားလူမျိုးများနှင့် ဒုက္ခသည်စခန်းမှ သင်တန်းသားများတက်ရောက်ကြပြီး ၅ နှစ်ဆက်တိုက် ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပါသည်။
၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (Burma Medical Association) နှင့် အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ ( National Health Education Committee ) အဖွဲ့အစည်းတို့မှ နယ်စပ်ဒေသတွင် ညီလာခံတစ်ခု ပူးတွဲကျင်းပခဲ့သည်။ ယင်းညီလာခံမှ နယ်စပ်ဒေသရှိ ဆေးပညာဆိုင်ရာ သင်တန်းအစီအစဉ်များကို ဖွင့်လှစ်ပို့ချရာတွင် တူညီသည့်စံနှုန်းဖြစ်စေရန် သင်ရိုးညွှန်တမ်းများကို ပူးပေါင်းရေးဆွဲ အသုံးပြုသွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ထို့အတူ ကျန်းမာရေးအဖွဲ့အစည်းများအားလုံး ကျန်းမာရေးသင်တန်းပို့ချရာတွင် ၆ လကြာ လူထုကျန်းမာရေးလုပ်သား (Community Health Woarker-CHW) သင်တန်းနှင့် ၂ နှစ်ကြာ လက်ထောက်ကျန်းမာရေးမှူး (Health Assistant-HA) သင်တန်းဟူသော အဆင့် ၂ ဆင့်ဖြင့် ပို့ချသွားရန်လည်း ဆုံးဖြတ်ခဲ့သည်။ မယ်တော်ဆေးခန်း၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့နှင့် အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီအဖွဲ့အစည်းတို့သည် တူညီသည့်စံနှုန်းရှိသော ဆေးသင်တန်း သင်ရိုးညွှန်းတမ်းများကို စတင်ရေးဆွဲခဲ့ကြသည်။ ဆုံးဖြတ်ခဲ့ကြသည့်အတိုင်း ဓါတ်ခွဲခန်းသင်တန်းတစ်ခုကို ဆက်လက်ကျင်းပပေးနိုင်ခဲ့သကဲ့သို့ တူညီသည့် ရိုးရာအရပ်လက်သည် (TBA) သင်တန်းအတွက် သင်ရိုးညွှန်းတမ်းကိုလည်း ပူးပေါင်းရေးဆွဲပေးနိုင်ခဲ့သည်။

ကျန်းမာရေးဆိုင်ရာ သင်တန်းအစီအစဉ်များ

မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်း နောက်ဆုံးစာမေးပွဲကို သင်တန်းသူ/သားများ ဖြေဆိုနေကြစဉ်

နယ်စပ်ဒေသတစ်လျှောက်ကြီးထွားများပြားလာသော လူဦးရေနှင့်အညီ စဉ်ဆက်မပြတ် ပြောင်းလဲလိုအပ်နေမှုများ ပုံစံများ အလျှောက် ကျန်းမာရေးဆိုင်ရာ သင်တန်းအစီအစဉ်များသည် လိုက်လျှောညီထွေ ကြီးထွားတိုးတက်လာခဲ့သည်။ မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် ပူးပေါင်း သင်တန်းပို့ချခြင်း အစီအစဉ်များကြောင့်လည်း မယ်တော်ဆေးခန်း၏် သင်တန်း အစီအစဉ်များသည် ပိုမို တိုးတက်လာခဲ့သည်။ လက်ရှိနှင့် လွန်ခဲ့သော သင်တန်းအစီအစဉ်များတွင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှာက်မှုသင်တန်း(MCH)၊ အရေးပေါ် သားဖွားမီးယပ်သင်တန်း (EmOC)၊ ကျန်းမာရေးမှူးသင်တန်း၊ သူနာပြုသင်တန်း၊ ခြေတုလက်တုသင်တန်း၊ ကာကွယ်ဆေးထိုးပေးခြင်းသင်တန်း (EPI)၊ မျက်စိ စောင့်ရှောက်ခြင်း သင်တန်း၊ သွားဘက်ဆိုင်ရာ သင်တန်း၊ ပြီးပြည့်စုံသော မျိုးဆက်ပွားကျန်းမာရေးသင်တန်းများ ရှိနေသကဲ့သို့ သင်တန်းတက်ရောက်ပြီးထားသော သင်တန်းသား/သူများအတွက်လည်း မွမ်းမံနှင့် အဆင့်မြှင့်ကျွမ်းကျင်မှုဆိုင်ရာ မွန်းမံ သင်တန်းများလည်း သင်ကြားလေ့ကျင့်ပေးပါသည်။

ဦးဆောင်မှုဆိုင်ရာ သင်တန်း၊ ကြီးကြပ်ရေးမှူးနှင့်ဆိုင်သော အလုပ်ရုံ ဆွေးနွေးပွဲများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Gender – Based Violence)၊ လူထုအကျိုးပြု စီမံခန့်ခွဲမှုသင်တန်း (Community Management)၊ မွေးကင်းစကလေးနှင့်(၅) နှစ်အောက်ကလေး ကျန်းမာရေးစောင့်ရှောက်မှု (Training of Trainers for Integrated Management of Newborn and Childhood Illness) ဆရာဖြစ်သင်တန်း၊ အခြေခံ အရေးပေါ်သားဖွားမီးယပ်နှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အဆင့်မြင့်ဆရာဖြစ်သင်တန်း (Master of Trainer in Basic Emergency Obstetric and New-born Care)၊ လူ့အခွင့်အရေးဆိုင်ရာသင်တန်း၊ သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သော ကျန်းမာရေးသင်တန်း ( Environmental Health Training)နှင့် ကျန်းမာရေးလုပ်သားများအတွက် စဉ်ဆက်မပြတ် ကျန်းမာရေးသင်တန်း အစီအစဉ်တို့ကိုလည်း မကြာခဏဆိုသလို လေ့ကျင့်သင်ကြားပေးပါသည်။

အဆင့် (၂) ကျန်းမာရေးသင်တန်း

ကျန်းမာရေးလုပ်သားများ၏ ကျွမ်းကျင်မှုများနှင့် နားလည်တက်သိမှုများကို တရားဝင် အသိအမှတ်ပြုမှု ရရှိရေး သေချာစေရန်အတွက် မယ်တော်ဆေးခန်း၏ ဝန်ထမ်းများအား ထိုင်းနိုင်ငံရှိ သမာဆတ်တက္ကသိုလ် (Thammasat University)၊ ခေါ်န်ကယ်န်တက္ကသိုလ်(Khon Kaen University) တို့မှ အသိအမှတ်ပြု အောင်လက်မှတ်များဖြစ်သော ပြည်သူ့ကျန်းမာရေးသင်တန်း ( Certificate in Public Health)၊ ကျန်းမာရေးလုပ်ငန်းဌာနများ စီမံခန့်ခွဲမှုသင်တန်း (Certificate of Health Facility Management ) များကို တက်ရောက်သင်ယူနိုင်ရန် ဖိဖိစည်းစည်း လှုံ့ဆော် စည်းရုံး လုပ်ဆောင်ပေးခဲ့သည်။ မယ်တော်ဆေးခန်းမှ မိခင်နှင့်ကလေးကျန်းမာရေးလုပ်သားများကိုလည်း မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် (Shoklo Malaria Research Unit, SMRU) နှင့်ပူးပေါင်းကာ မီးယပ်နှင့်သားဖွားခြင်းဆိုင်ရာ အသက်ဘေး အန္တရာယ်မှ ကူညီစောင့်ရှောက်ပေးနိုင်ရန် အထောက်အကူပြုအဆင့်မြင့် (Advanced Life Support in Obstetrics, ALSO) သင်တန်း ကိုလည်း တက်ရောက်သင်ယူနိုင်ရန် စီစဉ်လုပ်ဆောင်ပေးခဲ့ပါသည်။
မယ်တော်ဆေးခန်းသည် မြန်မာပြည်အရှေ့ဘက်ခြမ်းရှိ တိုင်းရင်းသား ကျန်းမာရေးစနစ်မြှင့်တင်ရေးညွှန့်ပေါင်းအဖွဲ့ (Ethnic Health System Strengthening Group, EHSSG)၏ အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ မယ်တော်ဆေးခန်းရှိ ကျန်းမာရေးလုပ်သားများအား အရည်အသွေးမြှင့်တင်ရေး သင်တန်းပို့ချပေးရုံသာမက မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်း ၈ ဖွဲ့မှ ကျန်းမာရေးလုပ်သားများကိုလည်း တိုင်းရင်းသား ကျန်းမာရေးစနစ် မြှင့်တင်ရေး ညွှန့်ပေါင်းစီမံကိန်းအတိုင်း အရည်အသွေးမြှင့်တင်ရေး သင်တန်းများကို ပို့ချပေးခဲ့ပါသည်။ တိုင်းရင်းသား ကျန်းမာရေးစနစ်မြှင့်တင်ရေးညွှန့်ပေါင်းအဖွဲ့ဝင်များသည် မြန်မာပြည် အရှေ့ဘက်ခြမ်းရှိတိုင်းရင်းသားဒေသများတွင် အရည်အသွေးရှိ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် ယင်းတို့၏ ကျန်းမာရေးလုပ်သားများကို ပူးပေါင်း သင်တန်းများပို့ချပေးနေသည်။ လုပ်ငန်းဗျူဟာသဘောအရ အနာဂါတ်ကာလ၌ မြန်မာပြည် ၏ အစိုးရကျန်းမာရေးစနစ်တွင် အသိအမှတ်ပြုခံရရေးနှင့် အတူအကွ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးတို့အတွက် ကျန်းမာရေးစနစ် မြှင့်တင်ရေး ညွှန့်ပေါင်းအဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ သင်တန်းသင်ရိုးညွှန်းတမ်း ပြန်လည်သုံးသပ်စီစစ်ခြင်းများနှင့် ရေးဆွဲခြင်း လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြသည်။

စိန်ခေါ်မှုများ
ပို့ချပေးနေသည့်သင်တန်းများသည် မြန်မာနိုင်ငံအပါအဝင်၊ မြန်မာနိုင်ငံနှင့်ထိစပ်နေသောနယ်စပ်ဒေသများနှစ်ဘက်စလုံး တစ်လျှောက်ရှိ လူထုကို အလွန် အကျိုးရှစေသည်။ သို့ရာတွင် မယ်တော်ဆေးခန်းသို့ သင်တန်းတက်ရန် လာရောက်ကြသူများမှာ လူမှု အသိုင်းအဝန်း နယ်ပယ်စုံ၊ ယဉ်ကျေးမှု မျိုးစုံ၊ နိုင်ငံရေး နောက်ခံ မျိုးစုံ၊ ပညာရေးအဆင့်အတန်း မျိုးစုံနှင့် ကျွမ်းကျင်မှု မျိုးစုံမှ လာရောက် ပညာသင်ကြားကြခြင်းဖြစ်ကြပြီး ယင်းသို့ မတူညီ ကွဲပြားမှုများ ရှိနေခြင်းသည်ပင်လျှင် သင်တန်းများအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်စေသည်။

နောက်ဆုံးပြင်ဆင်သည်။ (စက်တင်ဘာလ ၂၇ ရက် ၊ ၂၀၁၈ ခုနှစ်)