October 17, 2019

သမိုင်းကြောင်း

မယ်တော်ဆေးခန်း၏ သမိုင်းကြောင်း

ဒေါက်တာစင်သီယာမောင်မှ လူနာတစ်ဦးကို ပြုစုကုသနေစဉ်

မြန်မာပြည်၌ စစ်အစိုးရ၏ လူထုုဆန္ဒထုတ်ဖော်ပွဲများကိုု (ရက်စက်စွာ) ဖြိုကွဲမှုများပြုလုပ်ပြီးနောက်ပိုင်း (၅)လအကြာ၊ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါက်တာစင်သီယာမောင်နှင့် ကျောင်းသားလူငယ် တစ်ဖွဲ့သည် ထို်င်းနိုင်ငံ၊ မဲဆောက်ဒေသရှိ ဖုန်ထူသောဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ ဟောင်းနွမ်း ယိုင်နဲ့ နေသည့် သစ်သားအိမ်အိုကလေး တစ်လုံးတွင် ယာယီ ဆေးခန်းငယ်လေးကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ စတင် ထူထောင်စဉ်က ဆေးပစ္စည်းကိရိယာနှင့် ငွေကြေး မရှိသည့်အပြင် ဒေါက်တာစင်သီယာမောင်မှလွှဲ၍ ဆေးဘက်ဆိုင်ရာသင်တန်း တက်ရောက်ထားသော ကျန်းမာ ရေးလုပ်သားလည်း မရှိခဲ့ပေ။ ထို့အပြင် ထိုင်းနိုင်ငံတွင် တရားမဝင် လာရောက်နေထိုင်ရခြင်း၊ ထိုင်းဘာသာစကား မပြောနိုင်ခြင်းများသည်လည်း အခက်အခဲ ပြဿနာများကို ပိုမိုဆိုးရွားစေခဲ့သည်။

ဆေးခန်း ပိုင်ဆိုင်သမျှ အသုံးအဆောင် ပစ္စည်းများမှာ ဒေါက်တာစင်သီယာမောင် ပုခုံးထက်တွင် လွယ်ထားသော ဖျင်လွယ်အိပ် တစ်လုံးစာသာရှိသည်။ ဒေါက်တာစင်သီယာမောင်သည် ယင်း ဆေးလွယ်အိပ်ကို လွယ်ကာ မြန်မာပြည် အရှေ့ပိုင်း နယ်စပ်ဒေသကို ရောက်ရှိရန် (၁၀)ည တိုင်တိုင် တောတောင် အထပ်ထပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရသည်။ လွယ်အိပ်အတွင်းဝယ် နားကြပ်တစ်ခု၊ ကပ်ကြေး တစ်စုံ၊ ဇာဂနာ နှစ်လက်၊ အပူချိန်တိုင်း ပြဒါးတိုင် တစ်ချောင်း၊ သွေးပေါင်ချိန်တိုင်း ကိရိယာ တစ်ခု၊ ဆေးပညာ လက်စွဲစာအုပ် တစ်အုပ်နှင့်အတူ အခြေခံ ဆေးဝါး အနည်းငယ်မျှသာ ပါသည်။ ယင်းကဲ့သို့ အလွန် နည်းပါးသော ဆေးပစ္စည်း၊ အလွန်ကြီးမားသော စွန့်လွတ် စွန်းစားမှုများနှင့်အတူ ဖိနှိပ်မှုများနှင့် စစ်ဘေး စစ်ဒဏ်ကြောင့် မြန်မာပြည်မှ ထွက်ပြေးလာကြသူများ စောင့်ရှောက်မှုပေးသည့် မယ်တော်ဆေးခန်း ပေါ်ပေါက်လာခဲ့သည်။

ထိုစဉ်က နိုင်ငံတကာ ဖိအားများကြောင့် စစ်အစိုရအနေဖြင့် ဒီမိုကရေစီ ထောက်ခံသည့် အဖွဲ့များ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ရှိခဲ့သည်။ ယင်းအခြေအနေကြောင့်လည်း ဆေးခန်းကို စတင်ထူထောင်ခဲ့သည့် လူငယ်များက နယ်စပ်သို့ရောက်ရှိပြီး လအနည်းငယ်အတွင်း မြန်မာပြည်သို့ ပြန်ရလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ မယ်တော်ဆေးခန်း၏ နှစ်(၂၀)ပြည့် စာအုပ်တွင်လည်း ဒေါက်တာ စင်သီယာမောင်မှ “ကျွန်မတို့ ဒီနေရာမှာ အနှစ် (၂၀)လောက် နေဖို့ရာ မမျှော်လင့်ခဲ့မိပါဘူး” ဟု ပြောကြားခဲ့သည်။ တိမ်းရှောင်ထွက်ပြေးလာသူများမှ မဲဆောက်တွင် မယ်တော်ဆေးခန်း စတင်တည်ထောင် နေစဉ်မှာပင် မြန်မာပြည်တွင်း၌ ပြည်တွင်းမငြိမ်သက်မှုများ ပိုမို ဆိုးဝါးလာသကဲ့သို့၊ စစ်အာဏာရှင်အစိုးရသည်လည်း တိုင်းပြည်ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်လာခဲ့သည်။ ယင်းအခြေအနေများကြောင့်လည်း မိမိတို့တိုင်းပြည်သို့ မပြန်ဖြစ်တော့ဘဲ အတိဒုက္ခရောက်နေသူများကို သက်သာစေရန်၊ တစ်စစီ ဖြစ်နေသော လူထုအသိုင်းအဝိုင်းကို ကုစားပေးရန် အတွက် ရနိုင်သမျှသော ဆေးဝါး၊ တက်ကျွမ်းသမျှသော ဆေးပညာ၊ လုပ်နိုင်သမျှသော လူထုအတွင်း ကွင်းဆင်း ဆောင်ရွက်ခြင်းများဖြင့် ဤဆေးခန်းငယ်လေးတွင် ဆက်လက်လုပ်ဆောင်ပေးခဲ့သည်။

ဒေါက်တာစင်သီယာမောင်မှ လူနာတစ်ဦးကို ပြုစုကုသပေးနေစဉ်

နှစ်ပေါင်း (၃၀) အကြာတွင်မူ မယ်တော်ဆေးခန်းသည် ပြီးပြည့်စုံသော လူထု ကျန်းမာရေးစောင့်ရှောက် မှုများ ပေးနေသည့် ဆေးခန်းတစ်ခုအဖြစ််လာပြီး ထိုင်း-မြန်မာနှစ်ဖက်နယ်စပ် နှစ်ဖက်စလုံးရှိ ဆေးခန်းများ၊ ကျောင်းများ၊ ကျေးရွာများ၊ စက်ရုံများ၊ ဒုက္ခသည်စခန်းများ၊ မြို့ပြဆင်ခြေဖုံးရပ်ကွက်များတွင် ဝန်ဆောင်မှု ပေးနေသော ပညာရှင် ကျန်းမာရေးလုပ်သားပေါင်း ၃၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့သည့် သင်တန်းနေရာတစ်ခု ဖြစ်ခဲ့လာပါသည်။ မြန်မာပြည်တွင်း အချို့ဝေးလံခေါင်ဖျားသောနေရာများတွင် ကျန်းများရေး စောင့်ရှောက်မှု ရနိုင်ရန်အတွက် မယ်တော်ဆေးခန်းမှ ဆေးသင်တန်း ပြီးမြောက်အောင်မြင်ထားသည့် ကျန်းမာရေးလုပ်သားများသာ မှီခို အားထားနေရသည်။

ဒေါက်တာစင်သီယာမောင်မှ လူနာတစ်ဦးကို ပြုစုကုသပေးနေစဉ်

ယနေ့အချိန်တွင် မယ်တော်ဆေးခန်း၏ နှစ်စဉ်လူနာဦးရေသည် (၁၀၀,၀၀၀)ကျော်ရှိပြီး၊ နေ့စဉ်အားဖြင့် လူနာဦရေ (၃၀၀) မှ (၄၂၀) ဦးအထိရှိသည်။ နှစ်စဉ် ကလေးငယ်ပေါင်း (၂၀၀၀) ဦးရေထက်မနည်း မွေးဖွားပေးနေလျက်ရှိနေ ပါသည်။ ထို့အပြင် မယ်တော်ဆေးခန်းသည် အခြားတိုင်းရင်းသား ကျန််းမာရေးအဖွဲ့အစည်း (၈) ဖွဲ့၊ ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာစေရေး စီမံကိန်းအဖွဲ့တို့နှင့် အတူတကွ လက်တွဲလျှက် မြန်မာပြည် အရှေ့ဘက်ခြမ်းရှိ ဝေလံခေါင်သီပြီး၊ တသီတခြားဖြစ်နေသည့် ဒေသများအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးပါသည်။ ကျန်းမာရေး သင်တန်းများပေးခြင်း၊ ကျောင်းသူ / ကျောင်းသာ (၂၀၀၀)ကျော်၊ လူနာများ၊ ၀န်ထမ်းများနှင့် မိသာစုဝင်များကို ရိက္ခာနှင့် အစားအစာကျွေးမွေးခြင်းများကို နေ့စဉ် လုပ်ဆောင်ပေးနေလျက် ရှိပါသည်။ လက်ရှိအချိန်တွင် လူနာများ ထက်ဝက်ခန့်သာ ဒေသတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြပြီ ကျန်ထက်ဝက်ခန့်မှာ မြန်မာပြည်အတွင်းမှ လာရောက် ကျန်းမာရေးစောင့်ရှောက်မှုခံယူကြခြင်း ဖြစ်သည်။
မယ်တော်ဆေးခန်းသည် ကျန်းမျာရေးဆိုင်ရာ လတ်တလောဖြစ်သောရောဂါများနှင့် နာတာရှည်ရောဂါတို့ကို ကုသပေးနေပြီး ဆေးခန်းဝန်ထမ်းများသည် ဆိုးဆိုးဝါးဝါး ကျန်းမာရေး အခြေအနေများ၊ ကူဆက်နိုင်သော ရောဂါများ၊ မကူးဆက်နိုင်သောရောဂါများမှ နာတာရှိရောဂါများအထိ အစစအရာရာ အားလုံးနီးပါး ပြုစုကုသပေးနေပါသည်။

မယ်တော်ဆေးခန်းအသစ်၏ အရှေ့ဘက်ခြမ်းမြင်ကွင်း

နောက်ဆုံးပြင်ဆင်သည်။ (မေလ ၁၅ ရက် ၊ ၂၀၁၉ ခုနှစ်)