October 30, 2019

ဒေါက်တာစင်သီယာမောင် ဆစ်ဒနီငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို အခမဲ့ ဆေးဝါး ကုသပေးနေတဲ့ စေတနာရှင် ဒေါက်တာ စင်သီယာမောင် ကို သြစတေးလျ နိုင်ငံက ဆစ်ဒနီ ငြိမ်းချမ်းရေး ဆုချီး မြှင့်လိုက်ပါတယ်။

 

လူမှုကယ်ဆယ် စောင့်ရှောက်ရေး လုပ်နေတဲ့ ဒေါက်တာ စင်သီယာမောင် ဆစ်ဒနီ ငြိမ်းချမ်းရေး ဆုရ

ဆစ်ဒနီ ငြိမ်းချမ်းရေးဆု ဟာ ကမ္ဘာတဝှမ်း က လူသားတွေ အတွက် ထူးထူးခြားခြား ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်တွေကို သြစတေးလျနိုင်ငံ ဆစ်ဒနီ ငြိမ်းချမ်းရေး ဖေါင်ဒေးရှင်း ကနေ၊ နှစ်စဉ် ဂုဏ်ပြု ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

ဒီဆုကို ပညာရှင် ပရော်ဖက်ဆာတွေ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး လို လူ့အခွင့်အရေး လှုပ်ရှားခဲ့သူတွေ လွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့တဲ့ အရှေ့ တီမော သမ္မတ ဇနာနာ ဂွတ်စ်မာအို တို့လို့ ပုဂ္ဂိုလ်တွေ ကို ပေးခဲ့ဖူး ပါတယ်။

၂၀၁၃ ခုနှစ်အတွက် ဒေါက်တာ စင်သီယာမောင် ကို ရွေးချယ်ရတာက မိခင်နဲ့ကလေးတွေကို မဖိတ် မစင်အောင် မွေးပေးခဲ့တာ ၊ နယ်စပ်က အမေ့ခံ ကလေးငယ်တွေကို ကာကွယ်ဆေးတွေ ထိုးပေးနိုင်အောင် ဆောင်ရွက်တာ၊ ငှက်ဖျားတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေနဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် ဆင်းရဲသား၊ မတတ်နိုင်တဲ့ လူနာတွေကို ကိုယ်ကျိုးစွန့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာတွေကြောင့် ဖြစ်ပါတယ်။

ဒီဆုကိုရတာနဲ့ပတ်သက်ပြီးဒေါက်တာစင်သီယာမောင်က ပြောကြားရာမှာ ဆုနဲ့ပတ်သက်လို့ကတော့၊ ဒီငြိမ်းချမ်းရေးနဲ့ တရား မျှတရေး၊ လွတ်မြောက်ရေး အပေါ် အခြေခံပြီးတော့ ပေးထားတဲ့ဆု ဖြစ်ပြီး ဆုငွေက သြစတေးလျဒေါ်လာ ၅ သောင်း ချီးမြှင့်ခံရပါတယ်လို့ သူက ဆိုပါတယ်။

ဆစ်ဒနီဖေါင်ဒေးရှင်းက ဒီလို ဆုချီးမြှင့်လိုက်ပေမဲ့ ၊မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် သြစတေးလျအစိုးရက ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်းကို နှစ်စဉ် အကူအညီပေးနေတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံအတွင်းက တခြားနေရာတွေကို သွားပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ရံပုံငွေ အကြပ်အတည်း ဖြစ်နေတာနဲ့ ပတ်သက်လို့ ဒေါက်တာစင်သီယာမောင် ရှင်းပြရာမှာ နယ်စပ်ဒေသရဲ့ အခြေအနေ ကျန်းမာရေး ပြဿနာတွေနဲ့ လိုအပ်ချက်တွေကိုလည်း ကျွန်မတို့ အနေနဲ့ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို သိအောင် ဆက်ပြီးတော့၊ ပံ့ပိုးမှုတွေရအောင် ဆောင်ရွက်သွားမယ်၊ ဒါပေမဲ့ တဖွဲ့ချင်းဆီက ရံပုံငွေ ရရှိရေး ကိုတော့ အလှူရှင်တွေနဲ့ တိုက်ရိုက် ဆွေးနွေးသွားဖို့ ရှိပါတယ်လို့ သူမက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်နေတယ် ဆိုပေမဲ့၊ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ထိုင်း၊မြန်မာ နယ်စပ်တလျှောက်ကို လာပြီး အလုပ်လုပ်ကြတဲ့၊ မြန်မာနိုင်ငံသားတွေ ရှိနေသေးသမျှတော့ ပရဟိတအဖွဲ့တွေရဲ့ အကူအညီတွေကို လိုအပ်နေအုံးမှာပါ ဖြစ်ပါတယ်။

 

Sources:https://www.bbc.com/burmese/burma/2013/08/130817_dr_cythina_maung_sydney_peace_prize