October 17, 2019

စီဒီစီအထက်တန်းကျောင်း

ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (စီဒီစီ) ကျောင်းသည် မြန်မာပြည်မှ ရွှေ့ပြောင်းရောက်ရှိလာသော ကလေးများအတွက် ပညာရေး ဝန်ဆောင်မှုများ ပေးနေပါသည်။ စီဒီစီကျောင်းသည် ကျောင်းသားများအတွက် အသိအမှတ်ပြုပြီး စံနှုန်းပြည့်ဝသော ပညာရေးရရှိနိုင်ရန်နှင့် အနီးကပ် လေ့ကျင့်သင်ကြားမှု အတွေ့အကြုံ ရှိစေရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြု သင်ကြားပေးပါသည်။

နောက်ခံသမိုင်း


အခြားသော မဲဆောက်ဒေသတွင် လာရောက်အခြေချမိသားစု ထူထောင်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများနည်းတူ ၁၉၉၅ ခုနှစ်တွင် မယ်တော်ဆေးခန်း ၀န်ထမ်းများသည်လည်း မိမိတို့၏ ကလေးငယ်များအတွက် နေ့ကလေးထိန်းကျောင်း လိုအပ်နေကြောင်း တွေ့ရှိခဲ့ကြသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကလေးငယ် ၂၀ ဦးကို စတင်လက်ခံကာ နေ့ကလေးထိန်းကျောင်းကို ထူထောင်ခဲ့ကြသည်။ နောက်တစ်ဆင့် အနေဖြင့် မူလတန်းကျောင်းနှင့် စီဒီစီ ကလေးဖွံ့ဖြိုးရေးကျောင်းကို ၁၉၉၇ ခုနှစ်တွင် ဝန်ထမ်းဦးရေ ၅ ဦးဖြင့် တည်ထောင်ခဲ့ပါသည်။ကျောင်းသည် ဆေးခန်းမှ အာရှအဝေးပြေးလမ်းတစ်ဖက်တွင် တည်ရှိပြီး အလုပ်လုပ်ရန်နှင့် ကလေးများကစားရန် ပို၍ကျယ်ဝန်းသော နေရာရရှိစေပါသည်။ တရားဝင်မှတ်ပုံတင်ထားသော ကျောင်းမဟုတ်သော်လည်း ကျောင်းသူ ကျောင်းသားများနေထိုင်နိုင်သော ဘော်ဒါဆောင်အဖြစ်လည်း အသုံးပြုခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် စီဒီစီသည် ကျောင်းသား ၁၀၀ ဦးကို ပြုစုသင်ကြားပေးနိုင်ခဲ့သည်။

နောက်ထပ် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ကျောင်းသားများ မူလတန်းပြီးမြောက်ပြီး ဆက်လက်တက်ရောက်ရမည့် အထက်တန်းကျောင်းကို ၂၀၀၅ ခုနှစ်တွင် တည်ထောင်နိုင်ခဲ့ပြန်ပါသည်။ ၂၀၀၉ ခုနှစ်တွင် ပထမဦးဆုံး ၁၂ တန်း တက်ရောက်အောင်မြင်ကြသည်ကို မြင်တွေ့ခဲ့ကြရပါသည်။ မူလတန်းမှ ၁၂ တန်းအထိ ဝင်းနေရာတစ်ခုတည်းရှိ အဆောက်အဦးထဲတွင် စုပေါင်းပညာသင်ကြားနိုင်သော စီဒီစီ ကျောင်းဆောင်သစ်ကြီးကို ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

စီဒီစီကျောင်း၏ လက်ရှိအခြေအနေ
ကလေးများဖွံ့ဖြိုးတက်ရေးစင်တာ (စီဒီစီ) ကျောင်းသည် မြန်မာပြည်ရှိ ရွှေ့ပြောင်းလာရောက်နေထိုင်သော ကလေးများအတွက် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ပေးနေလျှက်ရှိပါသည်။ ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းသား/သူဦးရေ (၈၉၀) ဦးရှိပါသည်။ စီဒီစီအနေဖြင့် အစိုးရအသိအမှတ်မပြုသော်လည်း ထိုင်းပညာရေးအစီအစဉ်ရှိ ကျောင်းပြင်ပ ပညာရေးတွင် လက်ရှိကျောင်းသားဦးရေ ၁၁၄ ဦး ပညာသင်ကြားလျက်ရှိနေပါသည်။

ဒုတိယလမ်းကြောင်းအနေဖြင့် BEAM ပညာရေး ဖောင်ဒေးရှင်း၊ သပြေပညာရေး ဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းကာ Pre-General Education Development (Pre-GED) programme (အကြို အထွေထွေ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်) ကိုလည်း ကျောင်းသားများအတွက် စီစဉ်ပေးနိုင်ခဲ့သည်။ ဤအစီအစဉ် တက်ရောက်ပြီးမြောက်သော ကျောင်းသားများသည် နိုင်ငံတကာ အထက်တန်းပညာရေးအဆင့်ကို ရောက်ရှိပြီး တက္ကသိုလ်များလည်း တက်ရောက်သင်ကြားခွင့် ရရှိပြီဖြစ်သည်။

 

ပညာရေးနှင့်စပ်လျဉ်းသောလမ်းကြောင်းများ

စီဒီစီကျောင်းသည် ကျောင်းသားများအတွက် အသိအမှတ်ပြုပြီး စံနှုန်းပြည့်ဝသော ပညာရေးရရှိနိုင်ရန်နှင့် အနီးကပ် လေ့ကျင့်သင်ကြားမှု အတွေ့အကြုံ ရှိစေရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြု သင်ကြားပေးပါသည်။ ဤသို့ လုပ်ဆောင်ပေးရခြင်းမှာ ကျွန်ုပ်တို့ ကျောင်းသား/သူများသည် အသိအမှတ်ပြုပညာရေးကို လက်လှမ်းမီရန်နှင့် အလုပ်ရရှိခွင့် အခွင့်အလမ်းများ ရရှိရန် ရည်ရွယ်ပါသည်။ အောက်ပါပညာရေးလမ်းကြောင်းများထဲမှ ကျောင်းသားများ စိတ်အားထက်သန်သော လမ်းကြောင်းကို ရွေးချယ်သင်ကြားနိုင်ပါသည်။ ထိုင်းကျောင်းပြင်ပ ပညာရေးသော်လည်းကောင်း၊ မြန်မာပြည်ရှိ အရည်အသွေးမီ ပညာရေးဘုတ်အဖွဲ့ကိုဖြတ်၍သော်လည်းကောင်း၊ အမေရိကန်ပညာရေး (GED) ကိုသော်လည်းကောင်း ရွေးချယ်နိုင်ပါသည်။ ၁၂ တန်းပြီးမြောက်ချိန်တွင်လည်း ကျောင်းသားများသည် ခေါ်န်ကယ်န်တက္ကသိုလ်၏ ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး ခေါ်န်ကယ်န်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ပါသည်။ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်လိုသူ ကျောင်းသားများအတွက် လူငယ်များ အဆက်အသွယ် ရရှိရေး ဖောင်ဒေးရှင်းနှင့် ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်းသင်တန်းကိုလည်း ဖွင့်လှစ်ပို့ချပေးပါသည်။

 

 

ပညာရေးဝန်ဆောင်မှုများ၏ စိန်ခေါ်ချက်များ


ကြီးများသော အောင်မြင်မှုများ ရရှိခဲ့သော်လည်း ကျွန်ုပ်တို့၏ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွင် အခက်အခဲနှင့် စိန်ခေါ်များစွာ ရင်ဆိုင်နေရပါသည်။ ဂျီအီးဒီ (GED) ပြီးမြောက်သော ကျောင်းသားအားလုံး တက္ကသိုလ် ပညာတော်သင်စရိတ် မရရှိကြပါ၊ ဆိုလိုသည်မှာ ကျောင်းသားအချို့မှာ မိမိတို့ ဆန္ဒရှိသလောက် ပညာ ဆက်လက်သင်ကြားခွင့် မရရှိကြပါ။ ထို့အပြင် မဲဆောက်ရှိ အချို့ရွှေ့ပြောင်းကျောင်းများမှာ ရပ်ဆိုင်းပိတ်လိုက်ရသည့်အတွက် စီဒီစီကျောင်းကို လာရောက် လျှောက်ထားကြသော ကျောင်းသားဦးရေမှာ ပိုမို များပြားလာခဲ့သည်။ နောက်ဆုံးအနေဖြင့် အစဉ်ပြောင်းလဲနေသော ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပညာရေး စနစ်များနှင့် အညီ စီဒီစီကျောင်း၏ သင်ကြားမှုစနစ် သင်ရိုးညွှန်းတမ်းကိုလည်း လိုက်လျောညီထွေဖြစ်အောင် အမြဲပြောင်းလဲ ဆန်းသစ်နေရမည်ဖြစ်သည်။

နောက်ဆုံးပြင်ဆင်သည်။ (နိုဝင်ဘာလ ၁၅ ရက် ၊ ၂၀၁၈ ခုနှစ်)