၂၀၁၆ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်းဆု ဒေါက်တာစင်သီယာမောင် ချီးမြှင့်ခံရ

 

Photo – Mae Tao Clinic

ချင်းမိုင်၊ နိုဝင်ဘာ ၁၇ ။             ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ကို နိုင်ငံတကာ ပရဟိတအဖွဲ့ တစ်ဖွဲ့ဖြစ်သော (AidEx) အဖွဲ့က ၂၀၁၆ ခုနှစ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်းဆု ချီးမြှင့်လိုက်သည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့တွင် ဗုဒ္ဒဟူးနေ့က AidEx က ဆုပေးပွဲ အခမ်းအနား ကျင်းပ၍ ဒေါက်တာစင်သီယာမောင်ကို ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ စင်သီယာမောင်ကို ကိုယ်ကျိုးမဖက် လူထုအကျိုးပြု စေတနာ့လုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ဆောင်နေမှုများအတွက် AidEx အဖွဲ့က ဆုပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆုချီးမြှင့်လိုက်ချိန်တွင် ဒေါက်တာ စင်သီယာမောင်က သွားရောက် လက်ခံယူနိုင်ခြင်းမရှိဘဲ မယ်တော်ဆေးခန်း၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ စင်္ကပူနိုင်ငံသို့ သွားရောက်နေကြောင်း မယ်တော်ဆေးခန်း၏ ပညာရေးဌာနမှ ဒါရိုက်တာ ဆရာရွှေနှင်းက ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ဆရာမအနေနဲ့ နှစ်ပေါင်း ၂၀ ကျော်ရဲ့လုပ်ငန်းတွေကို ထပ်ပြီးတော့ အတိအမှတ်ပြုတဲ့အနေနဲ့ ဆုပေးလိုက်တဲ့ အခါကြတော့ ကျနော်တို့ ဘာပဲပြောပြော ဝမ်းသာတယ်။ အခက်အခဲတွေကြားက ဖြတ်သန်းလာရတဲ့ ဆရာမရဲ့ ရသင့်ရထိုက်တဲ့ဆုလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်”ဟု ဆရာရွှေနှင်းက မဇ္ဈိမကို ပြောသည်။

၎င်းဆုလက်ခံရရှိသည့်အတွက် ဒေါက်တာစင်သီယာမောင် လုပ်ဆောင်နေသည့် ပညာရေး၊ ကျန်းမာရေး၊ ကလေးကာကွယ်စောင့်ရှောက်ရေး၊ လူမှုရေးလုပ်ငန်းများ စသည့် လုပ်ဆောင်မှုအပေါ် အသိအမှတ်ပြုခြင်း ဖြစ်ပြီး နယ်စပ်ဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ နယ်စပ်ဒေသရှိ ပညာရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများအရေးအတွက် ယခုထက် ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ကြောင်း သူက ပြောသည်။

ဒေါက်တာ စင်သီယာမောင်သည် ၁၉၈၈ အရေးတော်ပုံ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာကာ ၁၉၈၉ ခုနှစ်တွင် မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့ပြီး နယ်စပ်တလျှောက်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် စစ်ပြေးဒုက္ခသည်များ၏ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

AidEx အဖွဲ့က ၂၀၁၆ ခုနှစ်၏ လူသားချင်းစာနာမှု သူရဲကျောင်းဆုကို မြန်မာနိုင်ငံမှ ဒေါက်တာစင်သီယာမောင် အပါအဝင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုအပေါ် ဆန့်ကျင်လှုပ်ရှားသူ Jaha Dukureh၊ နိုင်ငံတကာ လူထုအကျိုးပြု လူမှုရေးလုပ်ငန်းကို ထူထောင်သူ Dr Martin Fisher ၊ အမေရိကန်နိုင်ငံ လူထုအကျိုးပူးပေါင်းဆေင်ရွက်မှုအဖွဲ့ကို ထူထောင်ခဲ့သူ Shaima Ai Zarooni တို့နှင့် အတူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာစင်သီယာမောင်သည် Ramon Magsaysay ဆု၊ အာရှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆု၊ တိုင်မ်းမဂ္ဂဇင်း၏ အာရှသူရဲကောင်းဆု၊ Jonathan Mann ဆု အပါအဝင် နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၂၀ ကျော် ရရှိခဲ့သူ ဖြစ်သည်။

Source : http://mizzimaburmese.com/article/20342

Leave a Reply

Your email address will not be published. Required fields are marked *